ဝေါမြို့တွင် (၂၈)ကြိမ်မြောက် ဝေါမြို့မစုပေါင်း မဟာဘုံကထိန်ပွဲကျင်းပ

ဝေါ နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် (၂၈) ကြိမ်မြောက် ဝေါမြို့မ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဝေါမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲတွင် ဝေါမြို့ပေါ်ကျောင်း (၂၀)ကျောင်းမှ ဆရာတော်ကြီး များနှင့် အလှူရှင်များက   နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သဒ္ဓမ္မပါလ ကျောင်း ဆရာတော် ဦးဝေပုလ္လ ထံမှ ငါးပါးသီလနှင့် သြဝါဒခံယူဆောက်တည်၍ မြို့ပေါ်ကျောင်း(၂၀)မှ ဆရာတော်များအား ကထိန်ညှပ်သင်္ကန်းများ ဆက်ကပ်လှူဒါန်းသည်။ ကံဦးကျောင်းဆရာတော်မှ ညှပ်သင်္ကန်းကပ်လှူမှု အား မိန့်ကြားဆောင်ရွက်ပေးပြီး ပဒေသာပင်(၂၀)အတွက် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအလှူရှင်များ ကပ်လှူခဲ့ကြသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က (၂၈) ကြိမ်မြောက် ဝေါမြို့မစုပေါင်း မဟာ ဘုံကထိန်ပွဲ စီစဉ်ဆောင်ရွက်ထားမှုများကို လျှောက်ထားပြီး ညှပ်သင်္ကန်း၊ ဆွမ်းစရိတ်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများ ပဒေသာပင် မဲနှိုက်လှူဒါန်းခဲ့သည်။ ထို့နောက် ဇွဲမစိုးရိမ်ကျောင်းဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ကထိန်အနုမောဒနာ ရေစက်ချတရားချီးမြှင့် နာယူကာ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့သည်။

(၂၈) ကြိမ်မြောက် ဝေါမြို့မ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းရာတွင် အလှူငွေနှင့် လှူဖွယ်ပစ္စည်းတန်ဖိုး စုစုပေါင်း(၃၈၄၁၆၉၀၀) ကျပ်အား ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)