မွန်ပြည်နယ်ဝန်ကြီးချုပ် ရေးမြို့နယ် ကုလားကုတ်ကျွန်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

လမိုင်း နိုဝင်ဘာ ၁၆

မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်ဒေသ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  ပြည်နယ်ဝန်ကြီးများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရေးမြို့နယ် လမိုင်းမြို့ သွားရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလားကုတ်ကျွန်း၊ အပေါ်ဆိပ်ကျေးရွာ  ဆိပ်ကမ်းသို့ သွာရောက်ပြီး ဘုရားကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းပေး၍  ဒေသခံပြည်သူများနှင့်   တွေ့ဆုံကာ ဒေသဖွံဖြိုးရေး အတွက် လိုအပ်ချက်များ တင်ပြရန်နှင့် အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားကာ လျှပ်စစ်မီးရရှိရေး ပညာရေး၊ ကျန်းမာရေး လိုအပ်ချက် တင်ပြမှုများအပေါ်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုလားကုတ်ကျွန်း   ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြည့်ရှုစစ်ဆေး၍ ဟင်္သာနှစ်ကောင်ကျောင်းတိုက် ဆရာတော်အား  ဖူးမြော်ကြည်ညိုကာ  လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပေးပြီး ကုလားကုတ် ကျေးလက် ကျန်းမာရေးဌာန တည်ဆောက်ရန် လျာထားမြေနေရာနှင့် ကျေးရွာရှိ   အခြေခံပညာ အလယ်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာအားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ပြီး လမိုင်း- မော့ကနင် - နှစ်ကရင် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

မွန်ပြည်နယ်တွင်  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ   ဆောင်ရွက် လျက်ရှိသကဲ့သို့ သွားလာရခက်ခဲသည့် နေရာဒေသများတွင်လည်း ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)