လပွတ္တာ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာခရိုင်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံကြေညာ နိုးဆော်ခြင်း များကို နေ့စဉ်ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈ ) နာရီအချိန်က ရပ်ကွက်များအတွင်း လိုက်လံအသိပညာပေး ဆောင်ရွက် လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီနှင့် လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ နေ့စဉ်တစ်ကြိမ် ပုံမှန် မြို့ပေါ်ရပ် ကွက်များနှင့် စျေးများ၊ လမ်းမကြီးများ၊ စစ်ဆေးရေး ဂိတ်တို့တွင် “လက်ရှိအခြေအနေမှာ အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ခွာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ၊ ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင် ဆေးကြောရန်၊ လက်ကိုဆေးကြော ခြင်းမပြုပဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း အဝတ်အစား မလဲမီကိုယ် လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊ အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရ သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေး ကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်အတွက် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များ လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
လပွတ္တာ (ခရိုင်၊ ပြန်ဆက်)