မကွေး နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် က တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ လုပ်ငန်းတာဝန်များကို (၆)လတာ ဘတ်ဂျက်အတွင်း ဆောင်ရွက်ရမည့်ဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာမှာ မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ရုံး အဆောက်အဦများနှင့် ရုံးပတ်ဝန်းကျင်များအား သန့်ရှင်းသာယာလှပရေး စီမံဆောင်ရွက်စေလိုကြောင်း၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် မီးဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို အထူးအလေးထား လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား မြို့ပေါ်ရပ်ကွက်များမှာ သာမက ကျေးလက်ဒေသများရှိ ပြည်သူများအထိ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မိမိတို့ ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို တက်ရောလာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ဌာန အလိုက် တာဝန်ရှိသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနများနှင့် ဆက်စပ်ပူးပေါင်း၍ မိမိတို့ ဌာနလုပ်ငန်းများကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ