ပွင့်ဖြူမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဌာနဆိုင်ရာများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပွင့်ဖြူ နိုဝင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဌာနဆိုင်ရာများ၊ ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား တောင်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိရေးအတွက် အသိပညာပေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရေး၊ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ယခုထက်ပိုမို အောင်မြင်အောင် ကြီးကြပ်ဆောင်ရွက်ရေး၊ ပြည်သူလူထု စားနပ်ရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်သည့် လုပ်ငန်းများ၊ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် အားကစားကဏ္ဍမြှင့်တင်ရေး ဖော်ဆောင်ပေးရန် ကိစ္စရပ်များနှင့် မြို့တွင်းသန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ရသည့်လုပ်ငန်းများ အလေးထား ဆောင်ရွက်ရေး၊ မော်တော်ယာဉ်များ သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေပြီဖြစ်၍ ဒေသခံပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရေး အသိပေးဆောင်ရွက်သွားကြရန်၊  ရပ်/ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက် သွားရန်တို့ကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်း ဆွေးနွေး တင်ပြခဲ့သည်။

ဆက်လက်၍ ရပ်/ကျေးအုပ်ချုပ် ရေးမှူးများက မိမိတို့နယ်မြေအလိုက် ဆောင်ရွက် ပေးစေလိုသည့် ပညာရေး၊ စိုက်ပျိုးရေး၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအစဉ်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)