အင်းတော် နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူငယ်လေ့ကျင့်ရေးစခန်းဖွင့်ပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က အင်းတော်မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် လူငယ်လေ့ကျင့်ရေးစခန်းများကို စစ်ကိုင်း၊ ကောလင်း၊ ကသာနှင့် အင်းတော်မြို့နယ်များတွင် ဖွင့်လှစ်ပေးနေကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် လူငယ်လေ့ကျင့်ရေး စခန်းတွင် အားကစားနည်း ( ၄ ) မျိုးဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောနှင့် ဝူရှူး အားကစားနည်းများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဘောလုံး အားကစားနည်းတွင် အားကစားသမား (၁၇) ဦး၊ ဘောလီဘော အားကစားနည်းတွင် အားကစားသမား (၂၅) ဦး၊ ဘတ်စကက်ဘော အားကစားနည်းတွင် အားကစားသမား (၄၀) ဦး၊ ဝူရှူး အားကစားနည်းတွင် အားကစားသမား (၆) ဦးတို့ကို သင်ကြားပြသပေးလျက်ရှိကြောင်း အင်းတော်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်မြင့်မြင့်စန်း က ပြောပြခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အင်းတော်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက အားကစားနည်းများအလိုက် ထောက်ပံ့ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ