နတ်မောက် နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက် (၆)နာရီအချိန် တိုင်းထွာချက်အရ (၁)ပေခန့်ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံက သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ (၁၄) ရက်နေ့တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ် (၆၈၃ ဒဿမ ၈) ပေရှိ၍ (၀ ဒဿမ ၈) ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက် (၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် (၆၈၄) ပေရှိပြီး (၁) ပေခန့် ရေပိုလွှဲမှ ရေကျော်ကျကြောင်း သိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုများလျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့်တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံ က သိရသည်။
သင်းသင်းမြတ်