ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး နှာခေါင်းစည်း(Masks) တပ်ဆင် သွားလာကြရန် အသိပညာပေးပြီး အခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်

ဖြူး - နိုဝင်ဘာ(၁၅)

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းသွားသော်လည်း ကွင်းဆက်ပြတ်တောက်စေရေးအတွက် အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Masks) တပ်ဆင် သွားလာကြရန် အသိပညာပေးပြီး အခမဲ့ဖြန့်ဝေခြင်းကို နိုဝင်ဘာဘ(၁၅)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှ စတင်ကာ ပဲခူးလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းဆုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်အဆင့် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်း(Masks) တပ်နိုင်ရေး၊ အားကစားနှင့်ကျန်းမားရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Masks)  မတပ်ဆင်သူများအား နှာခေါင်းစည်း(Masks) အခုရေ (၂၀၀)ကျော် အခမဲ့ဖြန့်ဝေ ပေးပြီး တပ်ဆင်စေခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ဖြူးမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ  အတည်ပြု လူနာ(၁,၃၆၄)ဦး၊ သေဆုံးသူမှာ(၈၃)ဦးအထိ ရှိပြီး ကူးစက်မှုလျော့နည်း သွားသော်လည်း ရောဂါကူးစက်မှု ရှိနေသေးသဖြင့် ကွင်းဆက်ပြတ်တောက်ရေးကို မြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက အုပ်စု(၅)စုခွဲ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)