ဒေးဒရဲ နိုဝင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက အသက်(၁၂)နှစ် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီမှစတင်၍ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ပထမအကြိမ်တွင် ( ၅၇၅၉ )ဦးထိုးပေးနိုင်ခဲ့သည်။ ယနေ့ ဒုတိယအကြိမ်တွင်(၂၀၀)ဦး စတင်ထိုးနှံပေးပြီး ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ထားသည့် ကျောင်းစုရပ်အလိုက် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ (၄)ဖွဲ့ခွဲ၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အေဇာလင်း