ကျောက်ပန်းတောင်း ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သံဘိုကျေးရွာအုပ်စု၊ သံဘိုကျေးရွာရှိ ကွင်းအမှတ် (၁၉၇၅) ရှိ တောင်သူ ဒေါ်စောကြည်၏ ပဲစင်းငုံ/နှံစားပြောင်း ရောနှောစိုက်ခင်းတွင် ကော်ဖီနှံကောင်များကျရောက်နေကြောင်း သိရှိရသဖြင့် ယမန်နေ့ နံနက်(၁၁:၂၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးသတ်ဆေးပက်ဖျန်းခြင်းနှင့် ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ အဆိုပါစိုက်ခင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ သံဘိုကျေးရွာ ကွင်းအမှတ် (၁၉၇၅) တောင်သူဒေါ်စောကြည်၏ (၀ ဒသမ ၁၀) ဧကခန့်ရှိ ပဲစင်းငုံနှင့် နှံစားပြောင်းရောနှောစိုက်ခင်းတွင် ကော်ဖီနှံကောင်များကျရောက်နေကြောင်း သတင်းပေးချက်အရ၊ မြို့နယ်စိုက်ပျိုးရေ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေအေးမော်နှင့်ဝန်ထမ်းများသည် အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ကြပြီး၊ စိုက်ခင်းနှင့်အနီးဝန်းကျင်တွင် ကလိုဆိုဒ်(ကလိုပိုင်ရီဖော့နှင့်စိုက်ပါမီသရင်) ဆေးအား ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၅၀ စီစီနှုန်းဖြင့် ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြပြီး၊ ကျေးရွာအတွင်းရှိ တောင်သူများ ကော်ဖီနှံကောင်အကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပညာပေးဟောပြောခဲ့ကြသည်။ “ ကော်ဖီနှံကောင်တွေက အရင်နှစ်တွေကလည်း ကျတတ်တာပါပဲ။ ဒါပေမဲ့ ဒီနှစ်လောက်မများဘူး။ ဒီနှစ်ကနည်းနည်းများတာတွေ့ရတယ်။ ဒီကော်ဖီနှံကောင်ရဲ့သဘောသဘာဝက စားသုံးသီးနှံလို အရွက်သေးတဲ့အပင်ငယ်တွေမှာမနေနိုင်ဘူး။ အပင်ကြီးတွေဖြစ်တဲ့ ကျွန်းပင်လိုဟာမျိုးနဲ့စားသုံးပင်ထဲမှာတော့ ပြောင်းပင်လိုဟာမျိုးပေါ့။ အခုဟာကလည်း များများစားစားကျတာမဟုတ်ပါဘူး။ အခင်းစပ်ကအပင်တွေမှာတွေ့လာကြတော့ စိုးရိမ်စိတ်နဲ့ ကျွန်မတို့ဌာနကိုအကြောင်းကြားတာပေါ့။ ဒါနဲ့ ကျွန်မဝန်ထမ်းတွေနဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဖြစ်တဲ့ ဆေးဖြန်းတာတွေနဲ့ ပညာပေးလုပ်ငန်းတွေဆောင်ရွက်ပေးနေပါတယ်။” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ပြောပြပါသည်။
အဆိုပါ ကော်ဖီနှံကောင်များကို သံဘိုကျေးရွာတွင် (၁၇.၈. ၂၀၂၀)ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်ထိ သီးနှံပျက်စီးမှုမရှိကြောင်းသိရပြီး ပိုးသတ်ဆေးပက်ဖြန်းကြရန်နှင့် လိုအပ်သည်များကြိုတင်ဆောင်ရွက်ထားနိုင်ရန် ပညာပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းနှင့် အဆိုပါဆောင်ရွက်မှုလုပ်ငန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)