လမ်းမတော်မြို့နယ် UMFCCI တွင် 48 th East Asia Business Council အစည်းအဝေးကျင်းပ

လမ်းမတော် သြဂုတ်  ၂၀

လမ်းမတော်မြို့နယ်  UMFCCI   တွင် 48 th East Asia Business Council အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ရာ EABC အဖွဲ့ဝင် ဗီယက်နမ်နိုင်ငံဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျင်းပခဲ့ပြီး သော(၄၇)ကြိမ် မြောက် အစည်းအဝေး မှတ်တမ်းအား အတည်ပြုခြင်း၊ EABC ၏ လုပ်ငန်းစဉ်များနှင့် လုပ်ငန်းရလဒ်များကို ဆွေးနွေးခဲ့ကြ သည်။

ထို့အပြင် EABC အဖွဲ့ဝင် ဂျပန်နိုင်ငံ JETRO မှ တင်ပြသော ဒစ်ဂျစ်တယ်စနစ် အသွင်ကူးပြောင်းရာတွင် ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များ၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှု Platform ဖွံဖြိုးတိုးတက်ရေး၊ ပြောင်းလဲမှု၊ ဆက်သွယ်မှုတို့မှသည် ကျွမ်းကျင်မှုနှင့် ထုတ်ကုန်စွမ်းအားမြှင့်တင်ရန်၊ နိုင်ငံတကာ ကုန်သွယ်မှု ဆက်စပ်လုပ်ငန်းစဉ် များတွင် ကုန်ကျစရိတ်များ လျော့ချရန်တို့ကို ဆွေးနွေး ခဲ့သည့်အပြင် အသေးစားနှင့်အလတ်စားလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမှုကို ထည့်သွင်းဆွေးနွေးခဲ့သည်။

EABC အဖွဲ့ဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တင်ပြသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး တို့ကိုလည်း ထပ်မံဆွေးနွေးခဲ့သည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် ၂၂-၂၉ ရက်နေ့တွင် ကျင်းပမည့် 52nd  ASEAN Economic Minister's Meeting ကို အဖွဲ့ဝင်များထံ ဖိတ်ကြားခြင်းနှင့် နောက်ထပ်တစ်ကြိမ်ကျင်းပမည့် EABC အစည်းအဝေးအတွက်လည်း အဖွဲ့ဝင်များ အဆင်ပြေမည့် ရက်နှင့် အချိန်ကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးသန့်၊ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေ၊ EABC အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ၊ ကိုရီးယား၊ မလေးရှား၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ အင်ဒိုနီးရှားနိုင်ငံတို့မှဥက္ကဋ္ဌနှင့်တာဝန် ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်