မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များစုပေါင်း၍ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပပြုလုပ်

မြန်အောင် နိုဝင်ဘာ ၁၅

မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များစုပေါင်း၍ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်က တာဝတိံသာဘုရား ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပဒေသာပင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ကြာနီကန်ကျောင်းတိုက်ဆရာ‌တော် ဘဒ္ဒန္တဣန္ဒာသဘထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မှုသော ပရိတ်တရားတော်များကိုနာယူခြင်းတို့ဆောင်ရွက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက်ဂူကိုးလုံးကျောင်းဆရာတော်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့က ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပြီး မြို့ပေါ်ရှိကျောင်းတိုက်(၄၀)တို့အား ကထိန်ပဒေသာပင်များ မဲဖောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 ထို့နောက် ကြာနီကန်ကျောင်းတိုက်ဆရာ‌တော် ဘဒ္ဒန္တဣန္ဒာသဘ ထံမှ ကထိန်အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များစုပေါင်း၍ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် ပဒေသာပင်(၄၀) ခု (ပစ္စည်းတန်ဘိုး ၅၆၂၈၇၅၀ ကျပ်၊ ငွေတန်ဘိုး ၉၉၅၅၇၀၀ ကျပ်)အား ဘုန်းတော်ကြီးကျောင်းတိုက်များကို မဲဖောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

ဝင်းဗိုလ်