ပုလော သြဂုတ် လ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ် −၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ပုလောမြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာ၀န်ရှိသူများက ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပုလောမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးက နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစုစား၀တ်နေရေးအဆင်ပြေစေရေးနှင့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့မှုများအပေါ် ယခုလို ငွေကြေးထောက်ပံ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် မင်းထိန်းကျေးရွာအုပ်စုရှိ အခြေခံလူတန်းစာအိမ်ထောင်စု (၁၆၂) စုအတွက် တစ်စုလျှင် ငွေကျပ် (၂)သောင်းကျပ်စီ စုစုပေါင်းငွေကျပ် (၃၂၄၀၀၀၀)ကို ပြည်သူလက်၀ယ်အရောက် ပေးအပ်ခဲ့သည်။
အလားတူ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာအသီးသီးရှိ အခြေခံလူတန်းစားအိမ်ထောင်စုများ (၁၂၈၇၂) စုအတွက် နိုင်ငံတော်မှ စတုတ္ထအကြိမ် ထောက်ပံ့ငွေ (၂) သောင်းကျပ်စီကို ပုလောမြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ (၇) ဖွဲ့ခွဲ၍ ပြည်သူ လက်၀ယ်အရောက်ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)