သံတွဲ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသည့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်များမှ လှပျိုဖြူများက ရခိုင်ရိုးရာ ယိမ်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က အဖွင့်အမှာစကား ပြောကြားရာတွင် ငပလီဆောင်းဦး ပွဲတော်ကို ၂၀၁၉-ခုနှစ်တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် တည်ငြိမ်အေးချမ်းလျက်ရှိသော ရခိုင်ပြည်နယ်၏ ပြယုဂ်ကို ဖော်ညွှန်းသည့် အနေဖြင့် လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု လျော့နည်းလာခြင်းအပေါ် မူတည်၍ လည်းကောင်း၊ ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူနိုင်ရေးကို ရည်ရွယ်၍လည်းကောင်း၊ ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပွဲတော်ကို ယနေ့မှစ၍ (၅)ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး သဲသောင်ပြင်ပြိုင်ပွဲများ၊ မြန်မာ့ရိုးရာ ပျော်ပွဲရွှင်ပွဲများစွာကို ထည့်သွင်း ကျင်းပသွားမည့် ဖြစ်သည့်အတွက် ဒေသခံများနှင့် လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည်များ အားလုံး စိတ်နှလုံး ရွှင်လန်းစွာ ပါဝင်ဆင်နွှဲကြစေ လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း က အမှာစကား ပြောကြားရာတွင် ငပလီကမ်းခြေသည် ရခိုင်ပြည်နယ်၏ အဓိကအပန်းဖြေ ခရီးစဉ်ဒေသဖြစ်သလို မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ကမ်းခြေတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများအပြင် ကမ္ဘာ့လှည့် ခရီးသွားဧည့်သည်များကပါ အသိအမှတ်ပြု တန်ဖိုးထားသည့် ဒေသဖြစ်ကြောင်း၊ အာရှ၏အပျိုစင် ကမ်းခြေအဖြစ် တင်စားခေါ်ဝေါ် ကြပါကြောင်း၊ ယခုလိုပြည်တွင်းပြည်ပမှ လာရောက် အပန်းဖြေလိုသည့် ခရီးသွားဧည့်သည်များ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရန်အတွက် ငပလီကမ်းခြေ ဆောင်းဦးပွဲတော်ကို ကျင်းပနိုင်သည့်အတွက် မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုလိုပြည်တွင်း၊ ပြည်ပက အပန်းဖြေလိုကြသည့် ခရီးသွားလာသူများ ယခုနှစ်ခရီးသွားရာသီမှာ လွတ်လပ် ပျော်ရွှင်စွာ လာရောက်နိုင်ပြီဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး သိရှိအောင် အတိအလင်း ကြော်ငြာနိုင်တဲ့ အခမ်းအနား ဖြစ်သည့်အတွက် ရခိုင်ပြည်နယ် အတွက်သာမက၊ မြန်မာနိုင်ငံ အတွက်ပါ မင်္ဂလာရှိသည့်အခမ်းအနား ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က ငပလီကမ်းခြေ ဆောင်းဦးပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ရခိုင်ဇုန်)မှ ဦးဖိုးရီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက် လာသူများနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် “ငပလီကမ်းခြေဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ငပလီကမ်းခြေ ပါရာဒိုက် ဟိုတယ် သဲသောင်ပြင်တွင် ဆက်လက် ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ဟိုတယ်လုပ်ငန်း ရှင်များအသင်း (ရခိုင်ဇုန်)မှ ဦးဖိုးရီအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဧည့်သည်တော်များက ဖျော်ဖြေတင်ဆက်နေမှုအား လှည့်လည် ကြည့်ရှုခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)