ကြာအင်းဆိပ်ကြီးမြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ယမန်နေ့နံနက်ပိုင်းမှစ၍ ပြည်သူများသိရှိမှတ်သားနိုင်ရန် ပြသခဲ့သည်။

အဆိုပါနံရံကပ်စာစောင်တွင် လူကုန်ကူးမှုဆိုသည်မှာ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များလူကုန်ကူးသူများက ခေါင်းပုံဖြတ်ခြင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးခံရသည့်အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်နှစ်နာမှုများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့်လိုအပ်ချက်များ၊ လူကုန်ကူးမှုဖြစ်စဉ် မှတ်တမ်းပုံများ ပါဝင်ပြီး ရပ်ရွာပြည်သူ များနှင့် လူငယ်များ လူကုန်ကူးမှု အန္တရာယ်မှကင်းဝေစေရန်နှင့် သတိပြုရှောင်ရှားနိုင်ရန် ရည်ရွယ်ပြသခြင်း ဖြစ်ကြောင်းသိရသည်။

သဲဝါ(ပြန်/ဆက်)