စစ်တွေ နိုဝင်ဘာ ၁၄
စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဖွဲစည်းခြင်းကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ကံပြင်(ရွာဟောင်း)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းရာတွင် စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးစောသိန်းက စီမံကိန်းရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် ရန်ပုံငွေအမျိုးအစားကို ရှင်းလင်းပြောကြားပြီး ဒုတိယ ဦးစီးမှူး ဦးကျော်ကျော်ဦးက မြစိမ်းရောင် ကျေးရွာရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများ၊ စီမံကိန်းကော်မတီ ဖွဲ့စည်းရသည့် နည်းလမ်း များ၊ ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များနှင့် အခွင့်အလမ်းများ၊ ကျေးရွာသားများ၏ လုပ်ငန်း တာဝန်များ၊ အိမ်ထောင်စုရွေးချယ်စံနှုန်းများနှင့် စီမံကိန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
ထို့နောက် ကျေးရွာကော်မတီများကို စနစ်တကျ ဖွဲ့စည်းပေးပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ကံပြင်ရွာဟောင်းကျေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။ ကံပြင် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို စတင်အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကျေးရွာရှိ ပြည်သူများမှာ စီမံကိန်းချေးငွေဖြင့် တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း နှင့် အခြားသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)