မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၁) ကျင်းပ

မင်းဘူး   နိုဝင်ဘာ   ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၉/၂၀၂၁)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ခရိုင် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မင်းဘူးခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေး Phase-2 ဒုတိယအကြိမ် ဆက်လက်ထိုးနှံနေကြောင်း၊ ကျောင်းသားများအပါအဝင် Phase-3 ပထမအကြိမ် ထိုးနှံမှုပြီးစီးသွားပြီဖြစ်ကြောင်၊ ခရိုင်အတွင်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများကို Phase-4 ပထမ အကြိမ်ထိုးနှံရန် စီစဉ်နေကြောင်း၊ ကာကွယ်ဆေးထိုးနှံထားကြောင်းလက်မှတ် စစ်ဆေးခြင်းများကို မြို့အဝင်/အထွက်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားရန်ပြောကြားပြီးနောက် အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးတင့်ကျော်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်သိန်းတို့က နယ်မြေအေးချမ်းသာယာရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကိုဗစ်ကော်မတီအဖွဲ့ဝင်များက မိမိတို့လုပ်ငန်းတာဝန်များ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များ၊ အောက်စီဂျင်စက်ရုံများထုတ်လုပ်လည်ပတ်နေမှုများ၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနေမှု၊ ထိုးနှံပြီးစီးမှုနှင့် ကျောင်းသားများကို Phase-3 ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်၌ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ဒေသခံ မိဘ ပြည်သူများအတွက် ကာကွယ်ဆေးခွဲတမ်းအနေဖြင့် မင်းဘူး ၁၇၃၁ လုံး၊ ပွင့်ဖြူ ၁၄၂၃ လုံး၊ စလင်း ၃၁၁၂ လုံး၊ ငဖဲ ၅၅၀ လုံး၊ စေတုတ္တရာ ၅၅၁ လုံးရရှိခဲ့ပြီး Phase 4 ပထမအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)