ပွင့်ဖြူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်းကျင်းပ ပြုလုပ်သည့် နဝမအကြိမ်မြောက် ဘုံကထိန်ပွဲတော်ကို ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ မိုဃ်းသဲကျောင်း တိုက်ရှိ ပုရိမဝါမှ ထမြောက်တော် မူသော သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ်လှူဒါန်းခြင်း အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အနောက် ပိုင်းရပ်ကွက်ရှိ ဂုဏဝတီ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဇနီး ဒေါ်စောစောထား တို့က ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဝန်ထမ်းများ မိသားစုက မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ပါမောက္ခ အမှူးပြုသော သံဃာတော်အရှင်သူ မြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ငွေပဒေသာပင်၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ် ပွားများခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ မိသားစုအဖွဲ့က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေကာ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် နှစ်စဉ်နှစ်တိုင်း ဝန်ထမ်းများမိသားစု စုပေါင်း၍ ဘုံကထိန် ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် နဝမအကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)