ကျိုင်းတုံမြို့မဈေးကြီး၌ ဈေးဝယ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ ရှောင်တခင် အခဲမဲ့စစ်ဆေး

ကျိုင်းတုံ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မဈေးကြီးအတွင်း လာရောက် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ ရှောင်တခင် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က  မိုဘိုင်းရွေ့လျား သွားရောက်ကာ RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက် လျော့နည်း ကျဆင်း လာသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်းလာစေရေး အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာ များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း လာရောက် ဈေးဝယ်ကြသူ ၄၂၆ ဦးအား  RDT Test Kit ဖြင့် ရှောင်တခင် အခမဲ့ စစ်ဆေး ပေးခဲ့ရာ ရောဂါကူးစက်ခံရသူ ၁ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။     

ထို့အပြင် ကျိုင်းတုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း ဒေသခံပြည်သူ ၄၁၀ ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ရာ မြို့မ ဈေးအတွင်း စစ်ဆေးမှုအအပါအဝင် စုစုပေါင်း ရောဂါပိုးကူးစက်ခံရသူ ၃၆ ဦး စစ်ဆေး တွေ့ရှိရ၍ ပိုးတွေ့ရာခိုင်နှုန်း ၄.၃ ရာခိုင်နှုန်းရှိကြောင်းသိရပြီး တာဝန်ရှိသူများက ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)