တောင်တွင်းကြီး ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဝက္ကသေးကျေးရွာ ဓမ္မာရုံ၌ ယမန်နေ့ ညနေ (၃)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်ခင်မျိုးအေးက ကိုဗစ်-၁၉ ၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဝက္ကသေးကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စိုပ်ပျိုးတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းမြတ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးချိုနိုင်ထွန်းနှင့် တာဝန်ရှိသူများက မိုးစပါးမျိုးစေ့ထုတ် တောင်သူများ လက်ဝယ် အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ဝက္ကသေးကျေးရွာတွင် ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်တောင်သူ (၁၀၈)ဦး ရှိပြီး စိုက်ဧက (၁၃၃)ဧက ရှိကာ မျိုးစေ့၊ အပင်ပြုစုခြင်းနှင့် မျိုးစေ့သန့်စင်လုပ်အားခအတွက် တစ်ဧကလျှင် (၁၅၀၅၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)