စလင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် မိုးစပါးထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှု အပေါ် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်

စလင်း၊ နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ယနေ့ နံနက်၉နာရီအချိန်က စလင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားပြီး သီးနှံပျက်စီးဆုံးရှုံးသွား သည့် တောင်သူများအား ယူရီးယားမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

စလင်းမြို့နယ်အတွင်း စက်တင်ဘာ ၁၅ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် တောင်သူများ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများ အား သီးနှံ တစ်ဧကလျှင်(၀.၄၇၄)အိတ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမြင့်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးအုပ်ကြီး ဦးသိန်းဇော်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဆန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကျေးလယ်ယာမြေ စီမံခန့် ခွဲမှု အဖွဲ့များနှင့် သက်ဆိုင်ရာကျေးရွာများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကာ သီးနှံပျက်စီးဆုံးရှုံးမှုဖြစ်ပွားသည့် ကျေးရွာများဖြစ် သည့် တောင်ကန်ကျေးရွာ အုပ်စုနှင့် ရွှေဇံသီးကျေးရွာများမှ တောင်သူ ၅၈ ဦး၊ ကွင်း(၄)ကွင်း နှင့် ဦးပိုင် ၆၁ ရှိ မိုးစပါး စိုက်ပျိုးပျက်စီးဧက ၇၇ ဧကတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဓာတ်မြေ ဩဇာများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်လွင်(စလင်း)