ကြံခင်း နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ (၃၁) ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန် လျာသင်္ကန်းဆက်ကပ်အလှူတော်မင်္ဂလာပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မြို့မရပ်ကွက် ဂိုဏ်းထောက်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အလှူရှင်များက နမောတဿ (၃) ကြိမ် ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ပြီး၊ နိုင်ငံတော် သံဃမဟာနာယက ပိန္နဲကွင်းကျောင်းတိုက် ဆရာတော် ဦးဇောတိဿရထံမှ ငါးပါးသီလ တရားတော် ခံယူ ဆောက်တည်ပြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ ဆရာတော် (၂၈) ပါးအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းတန်နှင့် မြို့နယ် အဆင်ဌာနဆိုင်ရာ အကြီးအကဲများမှ လှူဖွယ်ဝထ္ထု ဆက်ကပ်လှူဒါန်းခြင်းနှင့် နိုင်ငံတော် သံဃမဟာနာယက ပိန္နဲကွင်းကျောင်းတိုက်ဆရာတော်ထံသို့ ကထိန်လျာသင်္ကန်းနှင့် အခြံအရံဝထ္ထုသင်္ကန်းများ ဆပ်ကပ်လှုဒါန်းရာ၊ ငွေသားတန်ဘိုးငွေ ကျပ်သိန်း (၆၁၄၂၄၉၉)၊ ပဒေသာပင်(၂၉)ခု တန်ဘိုးငွေကျပ်သိန်း (၃၁၂၉၈၂၇)၊ စုစုပေါင်းတန်ဘိုးငွေကျပ်သိန်း (၉၂၇၂၃၂၆) တန်ဘိုးအားလှုဒါန်းခဲ့ကြသည်။
ထို့နောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အကျိုးအနုမောဒနတရားတော်အား ဟောကြားပေးပြီး လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားပြီးဆုံးကြောင်းနှင့် ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)