ချောင်းဦးမြို့နယ်၊ ပဲပြစ်တောကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ပဥ္စမအကြိမ် ရန်ပုံငွေထုတ်ပေး

ချောင်းဦး နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပဲပြစ်တော ကျေးရွာ တွင် ပဥ္စမအကြိမ် မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေအတွက် ငွေကျပ်သိန်း (၄၉၀)နှင့် ၃ သောင်း ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူတာကျေးရွာအုပ်စု၊ ပဲပြစ်တော ကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဥက္ကဋ္ဌ နေအိမ်တွင် COVID-19 ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ချေးငွေထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အရင်းမပျောက် မတည်လည်ပတ် ရန်ပုံငွေ မြစိမ်းရောင် စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် မှစတင်၍ စီမံကိန်း ယူနစ်(၂၆)ယူနစ်ကို ကျေးရွာ (၂၉) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများအနက်မှ ပဲပြစ်တောကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း ပဥ္စမအကြိမ်အဖြစ်  စိုက်ပျိုးရေးလုပ်ငန်း ၁၁၉ ဦးအားငွေကျပ် ၂၆၂ သိန်း၃ သောင်း၊ မွေးမြူရေးလုပ်ငန်း ၈၉ ဦးအား ငွေကျပ် ၁၅၆ သိန်း ၆ သောင်း၊ ရောင်း၀ယ်ရေး လုပ်ငန်း ၁၇ ဦးအားငွေကျပ်သိန်း ၄၀နှင့် ၅‌ သောင်း၊ သက်မွေးဝမ်းကျောင်း ၁၉ ဦးအား ငွေကျပ် သိန်း ၃၀ နှင့် ၅ သောင်း စုစုပေါင်း  အသင်းသား ၂၂၄ ဦးအား ငွေကျပ် သိန်း ၄၉၀နှင့် ၃ သောင်း တိတိကို ယနေ့ထုတ်ချေးပေးခဲ့ပါကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စိုးစံက ပြောပြသည်။

ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲသို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသဦးစီးမှူး ဒေါ်ခိုင်စိုးစံနှင့် ဝန်ထမ်းများ၊ ပဲပြစ်တောကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာမှ အသင်းသား၊ အသင်းသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)