နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၀ ဒဿမ ၈) ပေခန့်ရေကျော် ကျ

နတ်မောက် နိုဝင်ဘာ  ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများစိုက်ပျိုးရေးအတွက် မှီခိုအား ထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေ ပိုလွှဲမှ  ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀ ဒဿမ ၈)  ပေ ခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် တမံရေပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိရေအမှတ်  (  ၆၈၃ ဒဿမ ၈)ပေရှိ၍ (၀ ဒဿမ ၈) ပေ ခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိ ရေအမှတ်(  ၆၈၃ ဒဿမ ၈)ပေရှိပြီး (၀ဒဿမ၈) ပေခန့် ရေပိုလွှဲမှ ရေကျော်ကျ ကြောင်းသိရသည်။

နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုများလျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေ များကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိအောင် ဆောင်ရွက် ထား ကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများ အားလုံးကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်း ဂျူတီချကာ(၂၄)နာရီ ပတ်လုံးစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူ အဆင့်ဆင့်မှ လည်း အချိန်နဲ့တပြေးညီကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်း ထံက သိရသည်။

သင်းသင်းမြတ်