ပခုက္ကူ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ် လုပ်ငန်းများအား နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အချိန်တိုးမြှင့် သတ်မှတ်ပေးကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအား မိမိနေအိမ်တွင်နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်အညီ ပခုက္ကူမြို့၊ အမှတ်(၁) မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်လုပ်ငန်းများကို နံနက် ၄ နာရီမှ နံနက် ၉ နာရီအထိ သတ်မှတ်ပေးခဲ့ကြောင်း၊ ပြည်သူလူထုအကြား ရောဂါကူးစက်မှုနှုန်း လျော့နည်း ပပျောက်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူဦးဆောင်သော ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများ ဝိုင်းဝန်းပူးပေါင်းပြီး ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မိမိနေအိမ်တွင်နေထိုင်ရေး၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်း၊ ရောဂါပိုးရှိ/မရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများအား စနစ်တကျ ဆေးကုသမှု ခံယူစေခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကြောင့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှုနှင့် ကူးစက် မှုနှုန်းများ လျော့နည်းလာခြင်းကြောင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် နံနက် ၄ နာရီမှ မွန်းတည့် ၁၂ နာရီအထိ အချိန်တိုးမြှင့် သတ်မှတ်ခဲ့ ကြောင်း၊ ထို့အတူ ကျန်းမာရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၂ နေ့မှစ၍ ပခုက္ကူမြို့နယ်အတွင်း ပြည်သူများအား မိမိနေအိမ်တွင် နေထိုင်ရေး (Stay at home) အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန် ကြေညာထားခြင်းကြောင့် မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်ခြင်း လုပ်ငန်းများကို အချိန်တိုးမြှင့် သတ်မှတ်ပေးနိုင်ရေး မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဦးဇော်နိုင်လင်းထံက သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)