(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မော်လမြိုင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center)၌ ဟောပြောပွဲဆောင်ရွက်

မော်လမြိုင် နိုဝင်ဘာ ၁၂

တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံစာရေး ဆရာအသင်းဝင် တက္ကသိုလ်မင်းကျော်သူက  အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ နိုင်ငံတကာအနေဖြင့်လည်း သက်ဆိုင်ရာ အမျိုးသားနေ့ ရှိကြောင်း၊ ကိုလိုနီပညာရေး  စနစ်မလိုလား၍   ရန်ကုန်တက္ကသိုလ်  အက်ဥပဒေကို     တက္ကသိုလ် ကျောင်းသား များက သပိတ်မှောက်ဆန့်ကျင်ခဲ့ကြောင်းနှင့် ၁၉၂၀ ပြည့်နှစ် မြန်မာပြည်အရပ်ရပ်တွင် အမျိုးသား ကျောင်းများ ပေါ်ပေါက်လာပုံကို အသေးစိတ် ဟောပြောပေးသည်။

ထိုသို့ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းသည်  မြန်မာတစ်မျိုးသားလုံးအတွက် မမေ့သင့်၊ မမေ့ထိုက်သော  နေ့ထူး၊ နေ့မြတ်များစွာ ရှိသကဲ့သို့ ယနေ့ခေတ် လူငယ်၊ လူရွယ်များမျိုးချစ် စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်  တိုင်းပြည်အတွက်     အားထားရသည့် လူတော်၊ လူကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)