ပွင့်ဖြူ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမ(၆)လ ဘတ်ဂျတ်ဖြင့် ကျေးရွာ(၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်မည့် ကော်မတီအဖွဲ့ဝင်များအား ယမန်နေ့ နံနက်ကစပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်းသည့် ဘာသာရပ်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးနေကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်ရန် ရွေးချယ်ထားသည့် သရက်အုပ်ကျေးရွာ၊ လက်ခုပ်ကျေးရွာ၊ မုန်းမြင့်ကျေးရွာ၊ ဥယျာဉ်ကျစ်ကျေးရွာ၊ လက်ပနွယ်ကျေးရွာနှင့် ကုလားကုန်း ကျေးရွာတို့မှ စီမံကိန်း လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်(၁၂)ဦး တက်ရောက်သင်ကြား ခဲ့ကြောင်းသိရပြီး သင်တန်းတွင် (VDP) စီမံကိန်းလုပ်ငန်း ရေးဆွဲနည်းများ၊ ကော်မတီ အဖွဲ့ဝင်များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စီမံကိန်းရန်ပုံငွေ သုံးစွဲရေးဆိုင်ရာများ ကို နိုဝင်ဘာ ၁၁ ရက်နေ့မှ ယနေ့အထိ (၂)ရက်ကြာ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများက စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)