ရေဦး နို၀င်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၊ စည်ပင်သာယာရေးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် ယနေ့ နံနက် ၁၀ နာရီက မြို့မစည်ပင်သာယာ ဈေးကြီး၀န်းကျင် လုံခြုံရေးလှည့်လည် စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း ဆောင်ရွက် ခဲ့သည်။
ထိုသို့ကျန်းမာရေး အသိပညာပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းယု၊ ပြန်/ဆက် ဦးစီးဌာန၊ ကြက်ခြေနီ၊ မီးသတ်၊ ဈေးအကျိုးတော်ဆောင်များ၊ စည်ပင်သာယာရေး ဌာနအမှုဆောင်အရာရှိ ဦးဇော်ခင်နှင့် စည်ပင်ဈေး ၀န်ထမ်းများ လိုက်ပါလျက်က ဈေးတွင်းလှည့်လည်ကာ ဈေးရောင်း/ ဈေး၀ယ် ပြုလုပ်နေသူများအား ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်နိုင်ရေး လိုက်နာကြရမည့် စည်းကမ်းချက်များကို Hand Speaker ဖြင့် လှည့်လည် ဆော်ဩခြင်း၊ နှာခေါင်းစည်းနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာသိမှတ်ဖွယ်ရာ ပညာပေး လက်ကမ်း စာစောင်များ ပေးဝေခြင်း ပြုလုပ်ခဲ့သည်။
ဆက်လက်ပြီး စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းယု၊ မြို့နယ်စည်ပင်သာယာရေး ဌာနအမှုဆောင်အရာရှိ ဦးဇော်ခင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဆာမူအဲလ်၊ ဈေးအကျိုးတော်ဆောင်များ တွေ့ဆုံ၍ ဈေးနှင့်၀န်းကျင်လုံခြုံရေး၊ မီးဘေးနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာမှု အားနည်းချက်များ တွေ့ရှိမှုအပေါ် ဖြည့်စွက်လုပ်ဆောင် သွားနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)