ငရုတ်ကောင်း နိုဝင်ဘာ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု အလယ်တန်းကျောင်းရှိ ကျောင်းသူ/ကျောင်းသားများ ကျောင်းတက်ရောက်နိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ တက်ရောက်သင်ကြားနိုင်ရေးအတွက် ယမန်နေ့၊ နေ့လည်၁နာရီက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ကျောင်းသူ/ သားများကျောင်းလာရောက် အပ်နှံနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ တက်ရောက်သင်ကြားနေသော ကျောင်းသူ/သားများ ဘေးကင်းလုံခြုံစွာ တက်ရောက်နိုင်ရေးအတွက် စီမံထားရှိမှုများ၊ စာသင်ကျောင်းဆောင်များအား အဖျက်အမှောက်လုပ်ဆောင်မှုများ မရှိစေရေးနှင့် ကျောင်းသူ/သားများ ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်မှု အခြေအနေများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးကျော်သူမျိုး၊ ရဲတပ်ဖွဲ့မှစခန်းမှူးရဲအုပ်ဦးရဲမြင့်၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ခံဦးသူရအောင်၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ ပြီးနောက် ၎င်းစာသင်ကျောင်းအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြပြီး လိုအပ်မှုများအား မှာကြားခဲ့ကြောင်း သိရသည်။