မကွေး နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စုပေါင်းမဟာဘုံကထိန်လှူဒါန်းပွဲ အခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆို၍ အခမ်းအနား ကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ၊ ရာဇမုနိတောင်ပေါ်ကျောင်း ပဓာနနာယကဆရာတော် (မဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တကေလာသထံမှ တက်ရောက် လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် မကွေးမြို့၊ သံဃာရာမစာသင်တိုက် မဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်ကြီး ဘဒ္ဒန္တစိန္တာသာရထံမှ အနုမောဒနာတရားတော်များ နာကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၃၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ပစ္စည်းတန်ဖိုးနှင့် အလှူငွေ စုစုပေါင်း လှူဒါန်းငွေ ကျပ်သိန်း(၃၆၀)ကျော် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)