နတ်မောက်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း နှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပ

နတ်မောက်   နိုဝင်ဘာ   ၁၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပုံပြောခြင်း၊ ကဗျာ  ရွတ်ဆိုခြင်းနှင့် စကားပုံဆက်ခြင်း ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က နတ်မောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ကောင်းမွန်လာစေရန်အတွက်   ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း  ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် စကားပုံဆက်ခြင်းများကို ကျောင်းသား/ကျောင်းသူ ကလေးငယ်လေးများက ပြိုင်ပွဲအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီပြုလုပ် ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

လှဝင်း