ဘူးသီးတောင် နိုဝင်ဘာ ၁၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကလေးငယ်များအနေဖြင့် အများနှင့် ပူးပေါင်း ဆောင်ရွက် တတ်စေရန် ကောင်းသော ယှဉ်ပြိုင်လိုစိတ်များရှိစေရန် အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ ဗဟုသုတရရှိစေရေးအတွက် စာငှား/စာဖတ်ကြရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက် သွားလာတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက် အထက(၂)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် မြို့နယ်ဒုတိယဦးစီးမှူး ဦးမြင့်ခိုင်တို့မှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)