ပွင့်ဖြူမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပွင့်ဖြူ နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာ ခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်၍ ဆေးထိုးစုရပ်များအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး  အကြံပြုဆွေးနွေး တင်ပြကြရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက အခြေခံပညာကျောင်းများအလိုက် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အောင်မြင်စွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ်များအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြု ဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးအကြံပြု တင်ချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး၍ ကျောင်းသား၊ ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရာတွင် သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံနိုင်ရေးနှင့် ကြီးကြပ်ဆောင်ရွက်ရမည့် ဌာနများအနေဖြင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၃၇၅ ဦး ထိုးနှံပေးရမည် ဖြစ်ကြောင်း သိရကာ နိုဝင်ဘာ ၁၄ ရက်နေ့မှ စတင်ပြီး ဆေးထိုးစုရပ်(၇)နေရာခွဲ၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)