ပေါင် နိုဝင်ဘာ ၁၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ် မသန်စွမ်းသူများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်း က မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသန်း က Talk Show အစီအစဉ် ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် မွန်ပြည်နယ်မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဦးစောအောင်သိန်းတင်နှင့် အဖွဲ့ဝင်များတို့က မွန်ပြည်နယ် မသန်စွမ်းသူများအသင်း၏ ဖွဲ့စည်းပုံ၊ မသန်စွမ်းအခွင့်အရေးနှင့် ပတ်သတ်သည့် ဥပဒေ၊ နည်းဥပဒေများ၊ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ၏အခြေအနေ၊ ခွဲခြားဆက်ဆံမှုအခြေအနေ၊ မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍ စသည့် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ရာသီအလိုက်ဖြစ်ပွားလျက်ရှိသော ကျန်းမာရေးဆိုင်ရာကဏ္ဍများ အသိပညာပေးဆွေးနွေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show များ အစရှိသည်တို့ကို ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပလျက်ရှိကြောင်း သိရသည်။
ပေါင်