ကျိုက်ထို နိုဝင်ဘာ ၁၂
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ ယမန်နေ့နံနက် ၁၀ နာရီ တွင် ကျောင်းသား/ကျောင်းသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို စုရပ်နေရာဖြစ်သည့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထက်မောင်ဝင်း က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ်အတွင်းရှိ ကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လာရောက်ပြုလုပ်သူ ကျောင်းသူ/ကျောင်းသားများအား သက်ဆိုင်ရာ အထောက်အထားများအား စိစစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အသက်(၁၂) နှစ်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကို ဦးစီးအရာရှိ ဦးထက်မောင်၀င်းနှင့် ၀န်ထမ်းများ က ပြုလုပ်ပေးရာ စုရပ် နေရာဖြစ်သည့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ အထက(၂)၊ အမှတ်(၂) မူလွန်(ကော့စံနိုင်)၊ မူလွန်(ကော့ထင်း)၊ မူလွန်(သစ်ဆိပ်ပင်)၊ အထက(ခွဲ) (အင်္ဂဘို)၊ မူလွန်(မဲရုံးလေး) ကျောင်းများ၌ ပညာသင်ကြားနေသော အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးကို အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားကိုပြုလုပ်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။
အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရာသို့ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ရာတွင် ကျောင်းသူ/ကျောင်းသားများ အခက်အခဲမရှိစေရေးအတွက် သက်ဆိုင်ရာများမှ စီစစ်၍ ကူညီဆောင်ရွက်ရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
၀င်းမောင်