ဘူးသီးတောင်မြို့၌ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqp)သင်တန်း (Good Aquaculture practices -GAqp) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဘူးသီးတောင် နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန၏လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဆန်းဝင်း ဦးဆောင်၍ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqp) သင်တန်း (Good Aquaculture practices-GAqp) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဆရာများ ဖြစ်သည့် ဦးကျော်လင်းထွန်း (လ/ထဦးစီးမှူး)၊ ဦးဇော်လင်းထွန်း (ဒုလ/ထဦးစီးမှူး) တို့မှ GAqp ကျင့်စဉ်အတိုင်း မွေးမြူရာတွင်း လိုက်နာရမည့်အခြေခံမှု (၄)ရပ်အား ခေါင်းစဉ်တစ်ခုချင်းအလိုက် သင်ကြားပို့ချခဲ့ရာ သင်တန်းသားများက လိုအပ်သည်များကို ရေးမှတ်ပြီး သင်တန်းဆရာများက စနစ်တကျ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြပြီး နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ လည်းကောင်း၊ မွန်းလွဲ ၂ နာရီမှ ညနေ့ ၄ နာရီထိ လည်းကောင်း နိုဝင်ဘာလ (၁၁)ရက်နေ့မှ (၁၂)ရက်နေ့ထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးလုပ်ငန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေး ဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြု ဖြစ်စေရန် ၂၀၂၁ ခုနှစ်နိုဝင်ဘာလ(၆)ရက်နေ့မှ (၇)ရက်နေ့ထိ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာန ရေချိုငါးသားပေါက်စခန်း၊ ကကျဘက်ကံပြင်၌ သင်တန်းသား(၂၅)ဦးတို့ဖြင့် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖေါက်ခြင်း နည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသားများ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရန် စာတွေပို့ချခြင်း၊ လက်တွေ့ သင်ကြားပေးခဲ့မှုကို ကိုဗစ်-၁၉ ညွန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)