မင်းဘူး နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက် လျက်ရှိသော ဓါတ်လှေကားတာဝါဆောက်လုပ်နေမှု လုပ်ငန်းများအားလုံး ၇၂ ရာခိုင်နှုန်းကျော် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း ဓါတ်လှေကား ဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။
အဆိုပါဓာတ်လှေကား (Lift Tower နှင့် Walk Way Bridge) ဆောက်လုပ်နေမှုနှင့် ၇၂ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို မန်းရွှေစက်တော်ဘုရား ဓါတ်လှေကား တာဝါ အရည်အသွေး စစ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် စစ်ဆေးရေးအဖွဲ့ဝင်များက (နိုဝင်ဘာ ၁၁ ရက်) ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးကို အလေးထား ဆောင်ရွက် သွားရန် မှာကြားခဲ့သည်။
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါ တည်ဆောက်ရေးအပိုင်းအနေဖြင့် ယခုလက်ရှိ Lift Tower Emergency Second Floor အတွက်ကို သံစင်နှင့် ပုံစံရိုက်ကွန်ကရစ်လောင်းရန် ပြင်ဆင်နေကြောင်း၊ Walk Way Bridge လျောက်လမ်းအတွက် စတီးလက်ရမ်းနှင့် သံပန်းတပ်ဆင်ခြင်းလုပ်ငန်း နှစ်ခုဆောင်ရွက်နေကြောင်း၊ Steel Structure အမိုး မိုးရန်အတွက် ဒိုင်းနှင့်မျှားတန်းများ တပ်ဆင်နေပြီး ကတ်တုန်းလောင်းရန် ပြင်ဆင်နေကြောင်း၊ ယနေ့အထိ ၇၂ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး ၂၀၂၂ ခုနှစ် (၁)လပိုင်းအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း Kyaw Thar Engineering Construction Group ကုမ္ပဏီမှ Project မန်နေဂျာ ဦးသန်းလွင်က ပြောသည်။
မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါကို နှစ်ကျိပ်ရှစ်ဆူစေတီတော်အနီးမှ ကိုးခန်းကြီး ဘုရားအထိ (အလျား ပေ ၂၁၀ x အမြင့် ၁၁၉ ပေ x အကျယ် ၁၂ ပေ)ဖြင့် အတက်နှင့် အဆင်းဟူ၍ Lift Tower နှစ်စင်းကို ဘုရားကြီးဘဏ္ဍာငွေမှ ခွင့်ပြုငွေကျပ်သိန်းပေါင်း (၁၆၀၀၀)ခန့်ဖြင့် တည်ဆောက်နေကြောင်း၊ ဓာတ်လှေကားတစ်စင်းကို လူ(၂၀)နှုန်းဖြင့် စုစုပေါင်း လူ(၄၀) လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းကာလမှာ (၂၉.၆.၂၀၂၁) ရက်နေ့မှ (၉.၁.၂၀၂၂) ရက်နေ့ အထိဖြစ်ကာ ဘုရားပွဲတော်ချိန်မတိုင်မီ အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)