သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်

သထုံ နိုဝင်ဘာ  ၁၂

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို  ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သထုံမြို့နယ် ဦးစီးမှူးရုံးမှ မြိုနယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများက ဇရစ်ချောင် ကျေးရွာအုပ်စုတို့ အတွင်းမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး ပြုလုပ် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံး အနေဖြင့် မေလ ၃ ရက်နေ့မှစတင်ကာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက် လျက်ရှိရာ သထုံမြို့နယ်အတွင်း ယနေ့အချိန်အထိ လူဦးရေပေါင်း ၅၀၀၀ ကျော်ခန့်အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက်နှင့် ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ မြေစိုက်ပိုစတာများ စိုက်ထူခြင်းစသည့် ပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)