စစ်တွေ နိုဝင်ဘာ ၁၁
၂၀၂၁ ခုနှစ်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းနေရာယူကြပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အား အလေးပြုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ နယ်ပယ်အသီးသီးမှ ပင်ကိုယ်ဗီဇကောင်းမွန်သော ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်၊ လူရွယ်များ ပေါ်ထွက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းကို လေ့လာ လိုက်စားခြင်းဖြင့် ကောင်းမွန်သော အခြေခံစိတ်ဓာတ်များ ရရှိလာစေရန် ဒေသတွင်း အားကစား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရခိုင်ပြည်နယ် အားကစား အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခုပြိုင်ပွဲကို ကျင်းပပေးခြင်း ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် ပြည်နယ်၏အနာဂတ်ကို ဦးဆောင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားမောင်၊ မယ်များအနေဖြင့် အားကစားမှတဆင့် ဇွဲ၊ လုံ့လ၊ ဝီရိယရှိခြင်း ကစားဖော်အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ရှိခြင်း၊ ပြိုင်ဘက်အပေါ် လေးစားတတ်ခြင်း စသော အားကစားသမားကောင်းတစ်ဦး၏ စိတ်ဓာတ်၊ စည်းကမ်း၊ အချိန်လေးစား တတ်ခြင်း၊ မှန်ကန်သော စိတ်ဓာတ်ဖြင့် ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာကျင့်သုံးကာ အောင်မြင်မှု ရရှိအောင်ကြိုးစားခြင်းဆိုသည့် အလေ့အကျင်းကောင်းများ ရရှိအောင် ကြိုးစားသင်ယူ ကျင့်သုံးရင်း မိမိဘဝကို အကောင်းဆုံးတည်ဆောက်နိုင်အောင် ကြိုးစားကြရန်အဖွင့် အမှာစကား ပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစား အသင်းများအား လိုက်လံနှုတ် ဆက်ကြသည်။
ဆက်လက်၍ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲအားကျင်းပရာ ရမ်းဗြဲမြို့နယ်နှင့် ဂွမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ရမ်းဗြဲမြို့နယ်အသင်းက နှစ်ပွဲပြတ်ဖြင့်အနိုင်ရရှိသွားသည်။
အဆိုပါ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်းစုံမှ အမျိုးသား(၁၇)သင်းနှင့် အမျိုးသမီး(၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ စစ်တွေမြို့၊ ဓညဝတီ အားကစားခန်းမနှင့် ဝေသာလီ အားကစားခန်းမတို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)