ပုသိမ် နိုဝင်ဘာ ၁၀
ပုသိမ်မြို့၊ အမှတ် (၈) နယ်မြေ မဟာဗောဓိ ဘုရားဝန်းအတွင်း ပန်းစိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးရဲနိုင်မိသားစု၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးခြံသည် ၂ ဧက ခန့်သာ ကျယ်ဝန်းပြီး စပယ်ဖြူ၊ ကျောက်စိမ်းနှင့်၊ ရွှေစိမ်း အဝါ စသည့် ပန်းအမျိုးအစားများကို ရှမ်းပြည်နယ်မှ မျိုးယူ၍ စုစုပေါင်း သုံးသောင်း ခန့်ကို စိုက်ပျိုးထားရှိကြောင်း. ပန်းစိုက်သူ ဦးရဲနိုင် ထံမှသိရသည်။
စိုက်ပျိုးသူ၏ မိသားစုဝင် လေးဦးခန်သာရှိပြီး စိုက်ပျိုးရန်မြေကြီးပြင်ဆင်ခြင်းနှင့် သစ်ပင်အရိပ်ရစေရန် အမိုးပြုလုပ်ခြင်းများကို အလုပ်သမားများငှား၍ လုပ်ဆောင်ကြ ရကြောင်း၊ ပန်းပင်ပေါင်း သုံးသောင်းမျိုးယူခြင်းနှင့် အလုပ်သမားငှားရမ်း လုပ်ဆောင်ခြင်း၊ အမိုးပြုလုပ်ပြင်ဆင်ခြင်းတို့အတွက် စုစုပေါင်းရင်းနှီးမြုပ်နှံမှုမှာ ကျပ် သိန်းသုံးဆယ်ဝန်းကျင်ခန့် ရှိကြောင်းသိရသည်။ ကုန်ကျစရိတ်များပြီး အခက်အခဲ များရှိနေသော်လည်း အရှုံးမရှိကြောင်း တောင်သူ ဦးရဲနိုင်က ရှင်းလင်း ပြောပြပါသည်။
ယခုလို ကိုဗစ်-၁၉ ရောဂါ ကာလတွင် ဗုဒ္ဓဘာသာဝင်လူမျိုးတို့၏ ဓလေ့ထုံးစံအရ ဘုရားကျောင်းဆောင်တွင် ပန်းကိုအညှိူးမခံစေချင်သည့် ပြည်သူများကြောင့် ရောင်းအားကောင်းလျက်ရှိကာ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချခြင်းမပြုရပဲ မြို့တွင်း၌ပင် လုံလောက်မှုမရှိအောင် ရောင်း အား ကောင်းလျက်ရှိကြောင်း သိရသည်။ ယခင်က မြေသြဇာအဖြစ် နွားချေးကိုဝယ်ယူစိုက်ပျိုးရာတွင် တစ်ခေါက်လျှင် ကျပ်ငါးထောင်ကျော်သာပေးရပြီး ယခုကာလတွင် တစ်သောင်းကျော် ဖြစ်နေသည့် အတွက် အစားထိုးဆေးဝါးများကို သုံးစွဲနေရပြီး ဆေးဝါးများမှာလည်း စျေးနှုန်းတည် ငြိမ်မှုမရှိ စျေးကြီးပေးသုံးစွဲရသည့်အတွက် ယခင်နှစ်များနှင့်မတူ အမြတ်နည်း သော်လည်း အဆင်ပြေကြောင်း စိုက်ပျိုးရေးလုပ်ငန်းကို နှစ်ပေါင်း (၄၀)နီးပါး လုပ်ကိုင် လာသည့် ဦးရဲနိုင်က ပြောပါသည်။ ယခင်က ပုသိမ်မြို့တွင် ဘုရားပွဲတော်များ ပြုလုပ်သည့်အခါ ရောင်းအားကောင်းပြီး၊ တစ်နှစ်လျှင် ကျပ် ၇ သိန်းမှ ၈ သိန်း ဝန်းကျင်ခန့် အမြတ်ရရှိကြောင်း၊ ဆက်လက်ပြီး ပွင့်လင်းရာသီတွင် ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့် ပန်းမျိုးများဝယ်ယူပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင် ပြန်/ဆက်