ပွင့်ဖြူ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့ပေါ်ရှိ ဖွင့်လှစ်ရောင်းချနေသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများနှင့် အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း (၁၄)ဆိုင်အား သွားရောက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမရှိစေရေး ချမှတ်ထားသော စည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )