ရေနံချောင်းမြို့နယ်၌ ချောင်းရေတိုက်စားမှုကြောင့် ပြောင်းရွေ့ခဲ့ရသည့် ကျွန်းချောင်းကြီးကျေးရွာ ပလ္လင်ကုန်းဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်အတွက် ထောက်ပံ့ငွေပေးအပ်

ရေနံချောင်း ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ညောင်ပင်အိုင့်ကျေးရွာအုပ်စု ကျွန်းချောင်းကြီးကျေးရွာ၏ အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေ တိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့ရသည့် ကျွန်းချောင်းကြီးကျေးရွာ ပလ္လင်ကုန်းဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတာဝန်ရှိသူတို့က ထောက်ပံ့ငွေ တစ်သိန်းကျပ်ကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံတို့ထံ ပေးအပ်ခဲ့သည်။

ကျွန်းချောင်းကြီးကျေးရွာ၏ အထက်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကျွန်းချောင်းလေးချောင်းနှင့် ဝက်လူးချောင်းတို့ ပေါင်းဆုံစီးဆင်းသည့် ချောင်းရေ တိုက်စားမှုကြောင့် ဩဂုတ် ၁၈ ရက်နေ့က ကျွန်းချောင်းကြီး ကျေးရွာ ပလ္လင်ကုန်းဘုန်းတော်ကြီးကျောင်း ဆွမ်းစားဆောင်တစ်ဆောင် ကြိုတင်ပြောင်းရွေ့ခဲ့ရပြီး ချောင်းရေ တိုက်စားမှု အားကာကွယ်ရန် ကျေးရွာသူကျေးရွာသားများက သဲအိတ်များ၊ ကားတာယာ ဟောင်းများ၊ ဝါးလုံးများ ဖြင့် ရေကာတာများ ဝိုင်းဝန်းပြုလုပ်လျက်ရှိသည်။

အဆိုပါချောင်းရေတိုက်စားသည့်နေရာသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များက ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် ယမန်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး