သုဝဏ္ဏဝတီမြို့ရှိ စည်ပင်သာယာဈေးနှင့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

သထုံ နိုဝင်ဘာ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ ယမန်နေ့ နံနက်က ကျိုက္ကော်ရပ်ကွက်ရှိ စည်ပင်သာယာဈေးနှင့် ကျိုက္ကော်၊ သိမ်ဆိပ် ရပ်ကွက်တို့ရှိ စက်သုံးဆီအရောင်းဆိုင်တို့အား လိုက်လံစစ်ဆေးခဲ့ကြသည်။

သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ သုဝဏ္ဏဝတီ မြို့အုပ်ချုပ်ရေးမှူး ဦးမြင်နိုင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများတို့က ပွင့်လင်းရာသီ ကာလအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သန့်ရှင်းသာယာစေရေးတို့အတွက် ဈေးအတွင်း မီးသတ်ဆေးဗူးများ အရန်သင့်ထားရှိထားစေရေး၊ ရေလှောင်ကန်များအတွင်း ရေအသင့်ရှိစေရေး၊ လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှု မရှိစေရေး၊ စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီအချိန်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေး၊ မီးသတ်ဆေးဗူးများ စနစ်တကျ ထားရှိစေရေး၊ ဆီသိုလှောင်ကန်များ တည်ဆောက်ထားရှိမှု အခြေအနေနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက် ရေးဆွဲထားရှိမှု အခြေအနေများတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)