မုဒုံ သြဂုတ် ၁၉
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)မှဦးဆောင်၍ ယနေ့ နံနက်၁၀နာရီက မုဒုံမြို့ ပေါ်ရှိ သက်တမ်းလွန်ဆေးဝါးများနှင့် စားသောက်ကုန်များရောင်းချနေမှုရှိ/မရှိကိုရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဦးစီးအရာရှိ ဒေါက်တာခင်မီမီဦး၊ ဒု/ကြီးကြပ်ရေးမှူးဦးမင်းပြည့်စုံနှင့်တာဝန်ရှိသူများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံဦးလှအောင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူ များပူးပေါင်း၍ မုဒုံမြို့ပေါ်ရှိ ဆေးဆိုင်များနှင့်စားသောက်ကုန်စျေးဆိုင်များတွင် စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက် ထားရှိမှု ရှိ/မရှိ၊ ကုန်ပစ္စည်းများ၏ ကုန်ညွှန်းအမှတ် အသားများနှင့် သက်တမ်း လွန်ကုန်ပစ္စည်များနှင့်ဆေးဝါးများ၊ ကုန်ပစ္စည်းများ မှတ်ပုံတင် ထားခြင်း ရှိ/မရှိ တို့ကိုလိုက်လံစစ်ဆေးခဲ့သည်။
ထို့နောက် မြို့ပေါ်ဆေးဆိုင်များနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့် စျေးဆိုင်များကို အသိပညာပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင် များဖြန့်ဝေပေးခြင်း လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(မုဒုံ)