ဟင်္သာတ ဩဂုတ် ၁၉
ဥရောပသမဂ္ဂ(EU)၏ ပံ့ပိုးကူညီမှုဖြင့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန လက်အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)တွင် ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ(IBPD Centre)၏ လုပ်ငန်းစဉ်များ မိတ်ဆက်တင်ပြ သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ) ကျောင်းအုပ်ဆရာကြီး ဦးဌေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ကထိက ဒေါ်သင်းအိခိုင်က ကျောင်းအခြေပြု စွမ်းဆောင်ရည် မြှင့်တင်မှု သင်တန်းဌာန၏ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပြင်ပလုပ်ငန်းရှင်များ၊ ဒေသတွင်း သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ သိရှိစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရန်၊ ကျောင်းရှိ ဆရာ/ဆရာမများ အားလုံးမှ စွမ်းဆောင်ရည်မြှင့်တင်မှု ဆိုင်ရာလုပ်ငန်း စဉ်များ၌ တက်ကြွစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် (IBPD Centre) ဖွင့်လှစ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ကထိက ဒေါ်ခိုင်ဇင်စိုးက ဆွေးနွေးမည့်အကြောင်းအရာများနှင့် အစီအစဉ်ကို ရှင်းလင်းပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အုပ်စုဖွဲ့ဆွေးခြင်း၊ ရလဒ်အနှစ်ချုပ်တင်ပြခြင်းတို့ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ် ရေးမှူးဦးမျိုးတင့်ဇော်နှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာကြီး ဦးဌေးမြင့်၊ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရနည်း ပညာအထက်တန်း ကျောင်း(ဟင်္သာတ မှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)