ထီးလင်းမြို့နယ် သရခါကျေးရွာ စီမံကိန်းလုပ်ငန်းများအား ကျေးရွာလူထုမှ မဲပေးစစ်ဆေး

ထီးလင်း        ဩဂုတ်         ၁၉

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းက သရခါကျေးရွာတွင် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့်ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ကျေးရွာ လူထုမှ ဆန္ဒမဲပေး စစ်ဆေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာရှိ သီရိရတနာ ဘက်စုံသုံး ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူထုစစ်ဆေးပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ကျေးရွာတာဝန်ကျ လက်ထောက်နည်းပညာမှူး ဒေါ်ခိုင်ခိုင်စိုးက လူထုစစ်ဆေးပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်လွင်က လုပ်ငန်းသုံး ကုန်ကျငွေနှင့်အသေးသုံး ကုန်ကျငွေများကိုလည်းကောင်း၊ ကျေးရွာတာဝန်ကျ လူထုစည်းရုံး ရေးမှူး ဒေါ်မီမီလွင်က ဆန္ဒမဲပေးမည့်အစီအစဉ်၊ ကျေးရွာကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဆန္ဒမဲများအား ပွင့်လင်းမြင်သာစွာ မဲရေတွက်မည့် နည်းစနစ်များ၊ လုပ်ငန်းစဉ်နှင့်ရလဒ် မဲပေးမည့်ပုံစံကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းက သရခါကျေးရွာတွင် အလျား ၁၃ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၄ ပေ ရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ၁ လက်မ(ခွဲ)ပိုက် အရှည် ၄၅၀၀ ပေ ရှိ ကျေးရွာ ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်လျက်ရှိရာ ကျေးရွာရှိ အိမ်ခြေ ၁၄၉ အိမ် နှင့် လူဦးရေ ၆၈၃ ဦး အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)