မလှိုင်မြို့နယ်၊ အုတ်ကြီးကျေးရွာ၊ အုဋ္ဌ်ကျောင်းကြီးနှင့် ဆက်သွယ်သည့် ရွာလယ် လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်း

မလှိုင် နိုဝင်ဘာ ၁ဝ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အုတ်ကြီးကျေးရွာ၊ အုဋ္ဌ်ကျောင်းကြီး ဆရာတော်နှင့် အုဋ္ဌ်အနောက်ကျောင်း ဆရာတော်နှစ်ပါးတို့ ဦးဆောင်၍  ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် အုဋ္ဌ်ကျောင်းကြီးနှင့် ဆက်သွယ်သည့် ရွာလယ်လမ်းကွန်ကရစ် လမ်းခင်း ခြင်းနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းသွား လမ်းပေါ်ရေကျော်တံတား တည်ဆောက်ခြင်းကို နိုဝင်ဘာလဆန်းမှ စတင်၍ ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရ သည်။

“ ဒီ ရွာလယ်လမ်းက ကျနော်တို့ရွာရဲ့အဓိကလမ်းပါ ၊ သံဃာတော်များ ဆွမ်းခံကြွရာ၊ ရွာမှာအလှူအတန်းရှိလို့၊ ဘုန်းကြီးကျောင်းသွားတာ၊ ဥပုသ်သီလယူ သွားသည်မှစ၍ အလှူရှင်ပြုပွဲများ လှည့်လည်ရာအဆုံး  ဒီလမ်းကို အသုံးပြုသွားလာရတာပါ၊ လမ်း က တခြမ်းစောင်းနေပြီး မိုးရွာရင် သွားလာရတာ ပိုခက်ခဲပါတယ်၊ ဒါကြောင့် အလှူရှင် (၂) ဦး၏ မတည်လှူဒါန်းငွေနှင့် ကျေးရွာမှအများပြည်သူ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်းခြင်းဖြစ်ပါတယ်၊ ဒါ့အပြင် မိုးရွာရင် သွားလာရခက်ခဲပြီး ဗွက်ထသည့် ကျေးလက် ကျန်းမာရေးဆေး ခန်းသွားလမ်းပေါ်ကိုလည်း  ရေကျော်တစ်ခုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်ဟု’’ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း  ကပြောပြခဲ့သည်။

အုဋ္ဌ်ကျောင်းကြီးနှင့်  ရွာလယ်လမ်း ဆက်သွယ်သည့် ကွန်ကရစ်လမ်းကို အများ ပြည်သူထည့်ဝင် လှူဒါန်းငွေကျပ် (၂၅) သိန်းကျော်ဖြင့်  ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ် (၁၂) ပေ၊ အလျား (၃ဝဝ)ပေ၊ ထု(၆) လက်မ ရှိပြီး ကျေးလက်ကျန်းမာရေးဆေးခန်းသွား  လမ်းပေါ်ရှိ ရေကျော်မှာ  အကျယ်(၁၁) ပေ၊ အရှည်(၂၃)ပေရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)