ပန်းတောင်း နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၁- ၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလ မှ မတ်လအထိ) (၆)လ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်၊ ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ၊အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးအောင်သူရက နိုင်ငံတော်အစိုးရမှ ဘဏ္ဍာရေးနှစ်အလိုက် ပြည်သူများ၏ အခြေခံ လိုအပ်ချက် ဖြစ်သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ပညာရေး ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် စီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်ကြမည့် ဌာနများအနေဖြင့် ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူကိုဗဟိုပြုပြီး ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဒေါ်မိုးမိုးခိုင် က ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် (အောက်တိုဘာလမှ မတ်လအထိ) (၆) လ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူရနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (အောက်တိုဘာလမှ မတ်လအထိ) မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စီမံကိန်းများစသည့် စီမံကိန်း လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
သင်းသင်းအေး