ငဖဲ ဩဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ရွေး ကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ငဖဲမြို့နယ်မဲဆန္ဒရှင် စာရင်းစီစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးညွန့်မြင့်က မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာမှုနှင့်ပတ်သက်၍ မဲစာရင်း များ မှန်ကန်ရေးကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်ပါဝင်သည့် ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊သက်ဆိုင်ရာ မဲဆန္ဒ နယ် အလိုက်ဌာနများအား ဖွဲ့စည်း တာဝန်ပေးထားပြီးဖြစ်ကြောင်း၊ တာဝန်ချထားပေးသည့် နယ်မြေအလိုက် ပါဝင်သောကျေးရွာအုပ်စု၊ မဲရုံတည်နေရာ၊ မဲဆန္ဒရှင်စာရင်းများ ကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှကြီးကြပ်ကွပ်ကဲရန်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်မဲဆန္ဒရှင်စာရင်းစီစစ်ရေးလုပ်ငန်းကော်မတီ တွဲဖက်အတွင်း ရေးမှူး-၂ဒေါ်ဟန်မီမီကျော် က ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခဲ့ရာတွင် လိုအပ်ချက် များကို အချိန်မီပြင်ဆင်ဖြည့်စွက်လျက်ရှိပါကြောင်း၊ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာရာတွင်မှန်ကန်တိကျသောမဲစာရင်းများရရှိရေးအတွက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မဲဆန္ဒရှင် စာရင်းစီစစ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများ ကိုဆွေးနွေးပြောကြားရာ တက်ရောက်လာကြသောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးမှူးဦးတင်ထွန်းက နိုင်ငံသား မှတ်ပုံတင်ကပ်ထုတ်ပေးရေးဆိုင်ရာများနှင့် အခြား ကဏ္ဍများ အလိုက်အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆွေးနွေးပွဲအပြီးတွင် ငဖဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးညွန့်မြင့်နှင့် အဖွဲ့ဝင်များ က မဲရုံထားရှိမည့်ချောင်းဖြူကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း နှင့် မြို့နယ်ခန်းမ တို့သို့ သွားရောက်ကြပြီး မဲပေးနိုင်ရေးအခြေအနေများကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)