ဂွမြို့တွင် မိုးစပါးမျိုးစေ့ ထုတ်စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကျင်းပ

ဂွ   နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ် ဂွမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ရဟိုင်ကူးတို့ကျေးရွာအုပ်စု ရဟိုင်ကွင်းကျေးရွာ "ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ" စိုက်ခင်းတွင် ၂၀၂၁ခုနှစ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က တက်ရောက်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍ တိုးတက်စေရေး၊ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် မိုးစပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရေးအတွက် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက  မိုးစပါးစံကွက် ရိတ်သိမ်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ရဟိုင်ကွင်းကျေးရွာရှိ ကွင်းအမှတ် ၂၉၇ တွင် ဆင်းသွယ်လတ် မျိုးစေ့ ထုတ်စိုက်ခင်း၏ အထွက်နှုန်းကို  အနီးစပ်ဆုံး မှန်ကန်စွာ  သိရှိနိုင်ရန်အတွက် ကိုယ်စားပြုစံကွက် ကောင်း၊ သင့်၊ ညံ့ သတ်မှတ်စံကွက်မှ  အညံ့ဆုံး သတ်မှတ် စံကွက်ကို  ရွေးချယ်ပြီး  တောင်သူ ဦးမြင့်ထွန်း၏ လယ်မြေ (၁၀)ဧက မှ (၀.၁၀) စံကွက်ရိတ်သိမ်းခဲ့ရာ  အစိုတင်း(၇၄)တင်းနှင့် အခြောက်တင်း (၆၉)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်ထွန်းလင်းနှင့်  မြို့နယ်အဆင့် ဌာနဆိုင်ရာများ စိုက်ပျိုးရေး ဝန်ထမ်းများ၊  ဒေသခံတောင်သူ(၂၀)ဦးခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်